ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညို၊ ဇီဝိတဒါန ငါးနှင့် ငှက် ဘေးမဲ့လွှတ်

ရန်ကုန် ဧပြီ ၁၇

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညိုပြီး ဇီဝိတဒါနအဖြစ် ငါးနှင့်ငှက်များကို သတ်မှတ်နေရာအသီးသီး ဘေးမဲ့လွှတ်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများသည် ရွှေတိဂုံစေတီတော်တောင်ဘက် ဧည့်ခံတန်ဆောင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် စေတီတော်အထက်ပစ္စယံသို့ လက်ယာရစ်တစ်ပတ်လှည့်လည်ဖူးမြော်ကာ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွာတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အလှူငွေများကို ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများသည် ရွှေဝါငါးကြင်းကောင်ရေ (၃၀၀၀၀) ကို ဗဟန်းမြို့နယ်၊ ကန်တော်ကြီး သဘာဝဥယျာဉ်ကန်အတွင်းသို့လွှတ်ပေးခဲ့ပြီး စာကလေးငှက် (၁၀၀၀) ကောင်နှင့် ဂျိုးငှက် (၃၆) ကောင်တို့ကို ကောင်းကင်သို့ ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများသည် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ ပတ္တနီလာသပိတ်တော်တွင် ဆွမ်းများဆက်ကပ်ပြီး ဂန္ဓကုဋိတိုက်တွင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြကာ ငြမ်းအထက်ရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်ရှေ့တွင် မျက်နှာသစ်တော်ရေ ဆက်ကပ်ပူဇော်ခြင်း၊ သွားတော်တံပူဆက်ကပ်ခြင်း၊ ယပ်တော်သွင်းခြင်းများကို ပူဇော်ကြသည်။ ဆက်လက်၍ ဘုရားရင်ပြင်ပေါ်တွင် စာကလေးငှက် (၁၀၀) ကောင်နှင့် ဂျိုးငှက် (၁၀) ကောင်တို့ကို ကောင်းကင်သို့ ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)