တပ်ကုန်းမြို့၌ “အနှိုင်းမဲ့ရနံ့” လူငယ်အဖွဲ့ ဒုတိယအကြိမ် သက်ကြီးပူဇော်ပွဲကျင်းပ

တပ်ကုန်း ဧပြီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်တွင် သက်ကြီးပူဇော် ကန်တော့ပွဲကျင်းပရေးကော်မတီ နာယက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ကြီးကြပ်၍ “အနှိုင်းမဲ့ရနံ့” လူငယ်အဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်ပြီး စေတနာရှင်များ စုပေါင်းကာ “အနှိုင်းမဲ့ရနံ့”လူငယ်အဖွဲ့ဒုတိယအကြိမ် နှစ်သစ်ကူး သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းက ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

ဦးစွာ တက်ရောက်လာသည့် အဘိုး၊ အဘွားများ၊ “အနှိုင်းမဲ့ရနံ့” လူငယ်အဖွဲ့ဝင်များ၊ အလှူရှင်များက မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမကျောင်းတိုက်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတာ နန္ဒ ဆရာတော်ထံမှ ငါးပါးသီလခံယူ တည်ဆောက်ခဲ့ပြီးနောက် ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြဝတီရပ်ကွက်အတွင်း အသက် ၈၀ နှစ်အထက် အဘိုး၊ အဘွား ၃၃ ဦးတို့အား လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း၊ အမွှေးနံ့သာလိမ်းခြယ်ပေးခဲ့ပြီး “အနှိုင်းမဲ့ရနံ့” လူငယ်အဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်း စေတနာရှင်များက လက်အုပ်ချီကန်တော့ ငွေများခဲ့ပြီးနောက် အဘိုး၊ အဘွားများက ဘေးအန္တရာယ်ကင်းဝေရေး မေတ္တာစကားများ အသီးသီး ပြောကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်