ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း အသိပညာပေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီး ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးဘေးလုံခြုံမှု ရှိစေရန် အတွက် ယနေ့ နံနက် (၉)နာရီ က ချောင်းဆုံမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်မိုးမြတ်နှင့် မုပွန်မီးသတ် နယ်မြေစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်တို့ ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက ကုလားတို့ကျေးရွာနှင့် ကလွီကျေးရွာတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် အဖွဲ့ (၂) ဖွဲ့ခွဲပြီး ကျေးရွာအတွင်းရှိပြည်သူများ၏ နေအိမ်သို့ တစ်အိမ်တက်ဆင်းသွားရောက်ကာ မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပွားစေရေး မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းကို အချိန်မီ ကူညီ ဆောင်ရွက်နိုင်ရေး မီးဘေး ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေး၊ မီးဘေးလုံခြုံရေး အတွက် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် လျှပ်စစ်မီး၊ ထင်း/မီးသွေးများအသုံးပြုပါက စနစ်တကျ အသုံးပြုနိုင်ရေးစသည့် မီးဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူများမှ မီးဘေးလုံခြုံစိတ်ချမှု ရှိ/မရှိ ကို ကလွီကျေးရွာတွင် အိမ်ခြေ(၄၀)နှင့် ကုလားတို့ကျေးရွာတွင် အိမ်ခြေ(၅၀)တို့အား စစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)