၁၃၈၇ ခုနှစ်၊ ဖယ်ခုံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

ဖယ်ခုံ ဧပြီ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဖယ်ခုံမြို့နန်းဟူးရပ်ကွက် ပြည်ထောင်စုလမ်းမရှိဗဟိုမဏ္ဍပ်၌ကျင်းပရာ ဖယ်ခုံမြို့နယ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇောနှင့်ဇနီး၊ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် သင်္ကြန်ချစ်သူပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ဖယ်ခုံမြို့နယ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇောမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ယိမ်းအကပြိုင်ပွဲမှ ဆုရရှိသော ယိမ်းအဖွဲ့များအားဆုများ ဆက်လက်ချီးမြှင့်ရာတွင် စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့်ဇနီးက ပထမဆုရရှိသော ခ.မ.ရ (၄၂၇) ယိမ်းအဖွဲ့အားလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေမှ ဒုတိယဆုရရှိသော စ.က.ခ (၇) တပ်ရင်းမှ သင်္ကြန်မေယိမ်းအဖွဲ့အား လည်းကောင်း၊ စစ်ဦးစီး (ပထမတန်း) ဦး/ရေး/ထောက် ဒုတိယဗိုလ်မှူးကြီး သက်လွင်နှင့်ဇနီးမှ တတိယဆုရရှိသော ခ.မ.ရ (၂၆၁) မှ ပိတောက်ပျိုမေယိမ်းအဖွဲ့အားလည်းကောင်း၊ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာအောင်မှ ပူးတွဲတတိယဆုရရှိသော ဟိန်ဓမ္မရပ်ကွက်မှ နွေဦးမေယိမ်းအဖွဲ့အားလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အထူးဆု၊ နှစ်သိမ့်ဆုနှင့် ဖျော်ဖြေရေးဆုရရှိသော ယိမ်းအဖွဲ့များအားဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေပြီးနောက် ဆုရရှိသော မဟာသင်္ကြန်ယိမ်းအဖွဲ့များက ပြန်လည်ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ဖျော်ဖြေရေးစီအစဉ် များဖြင့်တင်ဆက်ပြီး ၁၃၈၇ ခုနှစ်၊ နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပိတ်ပွဲကို ဘေးဘရာကင်းကွာ၍ ကျန်းမာရွှင်လန်းချမ်းမြေ့ကာ စိတ်သစ်လူသစ်များဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)