ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း အစီအစဉ်ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရွှေကူ ဇန်နဝါရီ ၁၄


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း အစီအစဉ်ဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၁ နာရီခန့်တွင် ကျွန်းတော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ရွှေကူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်နှင့် တာဝန်ရှိသူများ၊ စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များက ကျွန်းတော်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း အစီအစဉ်ဖြင့်ဆောင် ရွက်သော ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက ရွှေကူမြို့နယ် အတွင်းရှိ ပြည်သူများ၏ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်ဆိုလူကျော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြု စီမံကိန်းရည်ရွယ်ချက် များဖြစ်သည့် ပြည်သူကို ဗဟိုပြုသော အခြေခံအဆောက်အဦးများဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ကျေးရွာလူထုစွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း နှင့် ကျေးရွာစီမံကိန်း အထောက် အကူပြုကော်မတီဥက္ကဋ္ဌ ဦးသောင်းငွေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ ကွန်ကရစ် လမ်းသစ်သည် လမ်းအရှည် ၉၇၀ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ အထူ ၆ လက်မ ရှိပြီး စီမံကိန်း ထောက်ပံ့ငွေ (၁၆၆၆၄၈၅၀) ကျပ်နှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၃၄၃၅၀၀) ကျပ်၊ စုစုပေါင်း ကုန်ကျငွေ  (၁၇၀၀၈၃၅၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)