မူဆယ်မြို့၊ မန့်ဝိန်းဂိတ်အား ဆက်လက်အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များ (အလွတ်သဘော) ထပ်မံဆွေးနွေးမည်

မူဆယ် ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို (၂၄)နာရီ ဆက်လက်ဖွင့်လှစ်နိုင်ရန် (သို့မဟုတ်) မြန်မာစံတော်ချိန် ည(၁၂)နာရီအချိန်ထိ ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၊ မူဆယ်မြို့၊ နယ်စပ်ဒေသအာဏာပိုင်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် က တရုတ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များထံသို့ (တရားဝင်) တောင်းဆိုထားကြောင်း မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါတောင်းဆိုချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်ထံမှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးကြောင်းသိရပြီး မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မူဆယ်မြို့၊ နယ်စပ်ဒေသအာဏာပိုင်များနှင့် တရုတ်နိုင်ငံ၊ နယ်စပ်ဒေသအာဏာပိုင်များ (အလွတ်သဘော) တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။ 

“နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာဖို့အတွက် မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံး အစည်းအဝေးမှာ အစည်းအဝေး ပြုလုပ်ပါတယ်၊ စမ်းသပ်ကာလအနေနဲ့ (၁၀)ရက်ကြာ၊ (၂၄)နာရီဖွင့်လှစ်နေတဲ့ မန့်ဝိန်းဂိတ်ဟာ ယနေ့၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှာ ပြီးဆုံးသွားပါပြီ၊ ဒါကြောင့် ကျွန်တော်တို့ဘက်ကနေပြီးတော့ တရုတ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်တွေနဲ့ ထပ်ပြီးတော့ တောင်းဆိုညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ (၂)ချက်ရှိပါတယ်၊ ပထမတစ်ချက်ကတော့ မန့်ဝိန်းဂိတ်ကို (၂၄)နာရီတိုးပြီး ထပ်မံဖွင့်လှစ်ဖို့ရန် (ဒါမှမဟုတ်) မြန်မာစံတော်ချိန် (၁၂)နာရီအချိန်ထိ ကုန်တင်ယာဉ်တွေ အဝင်/အထွက် ခွင့်ပြုဖို့အတွက် ဒီနှစ်ချက်ထဲက တစ်ချက်ရအောင်တော့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးရန် စီစဉ်ဆောင်ရွက်နေပါတယ်လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံ က ပြောကြားသည်။

မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကုန်သွယ်စီးဆင်းမှုပိုမိုမြန်ဆန်လာစေရေးအတွက် မန့်ဝိန်းဂိတ်ကို ဆက်လက်အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရန်အတွက် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ဦးဆောင်သည့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ နယ်စပ်ဒေသကုန်သွယ်ရေး တာဝန်ရှိသူများနှင့် ကုန်သည်များမကြာခဏ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန်အတွက် နှစ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များ သဘောတူညီချက်အရ မူဆယ်မြို့၊ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်၊ မန့်ဝိန်းဂိတ်ကို ဇန်နဝါရီလ(၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁၀)ရက်ကြာ (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု သိသာစွာ မြန်ဆန်လာကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)