စစ်တွေ ဧပြီ ၁၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများတို့သည် သင်္ကြန်အတက်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ (ဓါတ်လယ်) ကျောင်းတိုက် ဓမ္မရိပ်သာသို့ သွားရောက်ကြပြီး ဆရာတော်ကြီးအား ဖူးမြော်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့က ဆရာတော်ကြီးအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည် လမ်းမတော် ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်ကြီးအား ဖူးမြော်ကာ ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဆရာတော်ကြီးအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည် ဦးရဲကျော်သူ ကျောင်းတိုက်နှင့် ဓမ္မရိပ်သာကျောင်းတိုက်များသို့ သွားရောက်ကြပြီး ဆရာတော်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
အလားတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကြန်အကျနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ရခိုင်အဆိုတော်များ၊ တေးသံရှင်များ၏ ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကပြဖျော်ဖြေပေးခဲ့ကြသည့် သင်္ကြန်ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ရခိုင်ရိုးရာရေကစားမဏ္ဍပ်၌ ရခိုင်ရိုးရာအစဉ်အလာနှင့်အညီ လောင်းလှေများဖြင့် ရေကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များနှင့်အတူ ပါဝင်ရေကစားကြသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမကြီးရှိ မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်ကြပြီး ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယိမ်းအကအဖွဲ့များနှင့်အတူ စစ်တွေမြို့၊ ဗဟိုမဏ္ဍပ်အား မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေကာ ပိတ်သိမ်းခဲ့ကြသည်။
စစ်တွေမြို့၌ သင်္ကြန်အတက်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ လမ်းမကြီး၊ မင်းဘာကြီးလမ်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကစားကြသူများ ရေပက်ခံ ထွက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)