ကျောက်မဲမြို့၌ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ပိတ်ပွဲအခမ်းအနား ကျင်းပ

ကျောက်မဲ ဧပြီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် မြို့ကျက်သရေဆောင်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဟိန်းထက်နောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပွဲတော်အတွင်း ပါဝင်ကပြခဲ့သည့် ယိမ်းအဖွဲ့ ၂၀ အတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ကျပ်သိန်း ၂၀ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများက “မန်းတောင်ရိပ်ခို” သီချင်းကို စုပေါင်းသီဆိုခဲ့ကြပြီး ဒေသခံယိမ်းအဖွဲ့များ၏ မြန်မာ့ရိုးရာယိမ်းအကများဖြင့် ကပြဖျော်ဖြေကာ ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းသည်။

ယခုနှစ် ကျောက်မဲမြို့၏ မဟာအတာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များနှင့် ဒေသခံအနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ လက်ဖက်သင်္ကြန်မဏ္ဍပ်၊ သနပ်ခါးမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များအပြင် မြို့ပေါ်ရပ်ကွက်များအတွင်း ရေပက်မဏ္ဍပ်များ ထားခြင်းတို့ကြောင့် ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့ပြီး ပြည်သူများ စည်းကမ်းတကျ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)