ညောင်ရွှေ ဧပြီ ၁၆
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် (မဟာသင်္ကြန်အတက်နေ့) ညနေပိုင်းက အင်းလေးဒေသ မိုင်းသောက်ကျေးရွာအနီးရေပြင်ရှိ ရေလယ်ဧည့်ခန်းမ(အင်းလယ်ဗိုလ်တဲ) ရေကစားမဏ္ဍပ်၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီက အင်းလေးရေပေါ်သင်္ကြန် ပိတ်ပွဲအမှာစကားပြောကြားပြီး ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြကာ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များက ပွဲတော်လာဧည့်သည်များ၊ ယိမ်းအကအဖွဲ့များကို အတာရေများ ဖြန်းပတ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အင်းလေးရေပေါ်သင်္ကြန် နောက်ဆုံးနေ့ဖြစ်သည့် မဟာသင်္ကြန်အတက်နေ့တွင် အနယ် နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသူများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရေကစားသူများသည် စက်လှေများ၊ ရေကစားမဏ္ဍပ်နှင့် ရေကစားရန်သတ်မှတ်ထားသည့်ဖောင် များပေါ်မှှနေ၍ အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။ အင်းလေးရေပေါ်သင်္ကြန်သို့လာရောက်လည်ပတ်ရေကစားကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များကို ယိမ်းအကအဖွဲ့များမှ အကအလှများ၊ ဧည့်သည်တေးသံရှင်များနှင့် ဒေသခံတေးသံရှင်များမှ တေးသံသာများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ