သင်္ကြန်အတက်နေ့ ရန်ကုန်မြို့ အတာရေသဘင်ပွဲတော်ဆင်နွှဲသူများ အထူးစည်ကား

ရန်ကုန် ဧပြီ ၁

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့်ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်များနှင့်လမ်းလျှောက်သင်္ကြန်တို့တွင် ပြည်သူများကိုယ်စိတ်နှလုံးပျော်ရွှင်အေးချမ်းစွာဖြင့် ယနေ့မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့နံနက်ပိုင်းမှစ၍ အတာရေသဘင်ပွဲတော်ကို ဆင်နွှဲကြပြီး ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိလမ်းလျှောက်သင်္ကြန်၊ ပြည်သူ့ရင်ပြင်သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူပြည်သူများ အထူးစည်ကားသည်။

ယနေ့တွင်ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် တိုင်းရင်းသားအကအဖွဲ့များ ကပြဖျော်ဖြေတင်ဆက်ကြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တေးသံရှင်များ၊ နိုင်ငံ​ကျော်အနုပညာရှင်များက ပရိသတ်အကြိုက်တေးသီချင်းများဖြင့် မြူးမြူးကြွကြွဖျော်ဖြေကြကာသင်္ကြန်ပွဲတော်လာပြည်သူများက လိုက်ပါသီဆိုကခုန်ကြရင်း သင်္ကြန်အတက်နေ့ကို ​အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ထို့အတူ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်တို့တွင် သင်္ကြန်အတက်နေ့တွင်ရေကစားကြသည့် ပရိသတ်ကို မင်းသားဖိုးချစ်နှင့်အဖွဲ့၊ အနုပညာရှင်များမှ တေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိပြီး လာရောက်ဆင်နွှဲသူများအတွက် သနပ်ခါး လိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။

အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များစီစဥ်ထား၍ အတာရေသဘင်ပွဲတော် ဆင်နွှဲသူများ စည်ကားလျက်ရှိသည်။

ဖျော်ဖြေရေးမဏ္ဍပ်အပြင် စားသောက်ဆိုင်တန်းတွင်အပန်းဖြေ အနားယူစားသောက်ကြသူများ  စည်ကားခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှ ခရိုင်၊မြို့နယ်တို့ရှိသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင်လည်း အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြ ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)