တောင်ကြီး ဧပြီ ၁၆
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေ ကစားသူများ စည်ကားများပြားလျက်ရှိသည်။ မဟာသင်္ကြန် အတက်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများ၊ကုသိုလ်ယူသူများဖြင့် စည်ကား လျက်ရှိသည်။
မဟာသင်္ကြန် အတက်နေ့တွင် ရေကစားရန် လာရောက်သူများအား သင်္ကြန်ဓလေ့ ရိုးရာအစားအစာများဖြင့် စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ တေးသံရှင်များ၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအပါအဝင် လမ်းလျှောက် သင်္ကြန် ၊သနပ်ခါးမဏ္ဍပ်မှ သနပ်ခါးများလိမ်းခြင်းနှင့် လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များ ကျွေးမွေးခြင်းဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲ ကြသည်။
သင်္ကြန်အတက်နေ့ဖြစ်သော်ကြောင့်တောင်ကြီးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားဖြစ်သည့်ရွှေ ဘုန်းပွင့်ဘုရား၊ ဘုရားကိုးဆူးကျောင်း၊ စေတီပုထိုးကျောင်းကန်များတွင် လူကြီး၊ လူငယ် စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွား များအား တစ်ကိုယ် ရည်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ကို ဧပြီ ၁၆ ရက် နံနက် ၅ နာရီကစတင်၍ နှစ်သစ်ကူး ကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုလျက်ရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)