မြစ်ကြီးနား ဧပြီ ၁၆
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၆ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပသည့်နေရာများနှင့် မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ရှိရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်မှ ယိမ်း အကအလှများ၊ ဒေသခံတေးသံရှင်များ၏ ဖျော်ဖြေမှု၊ မြူးကြွ လှပသည့် ခေတ်ပေါ်အကများ၊ ဒီဂျေ တေးသီချင်းများ ဖျော်ဖြေတင်ဆင်မှုဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ သင်္ကြန်ချစ်သူများ နှင့်အတူ ပျော်ရွှင်စွာ အတာရေသဘင်ကို ဆင်နွှဲကြသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒီသာမဏ္ဍပ်များတွင် မြန်မာ့ရိုးရာ အစာအစားများဖြစ်သည့် လက်ဖက်၊ ထမင်းနဲ၊ မုန့်လုံးရေပေါ် စသည့် သင်္ကြန်အစားအစာများအား စတုဒီသာမဏ္ဍပ်များတွင် ဧည့်ခံကျွေးမွေးမှုများ၊ မြန်မာ့သနပ်ခါးမဏ္ဍပ် သနပ်ခါးလိမ်းခြယ်သူများ၊ ရေပက်ကစားခြင်းတို့အပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိသည့် မင်းရပ် ပြည်သူ့အားကစားကွင်း လမ်းလျှောက်သင်္ကြန်နှင့် ဧရာဝတီရှုခင်းသာ လမ်းလျှောက်သင်္ကြန်ပွဲတော် များတွင်လည်း ခေတ်ပေါ် တေးဂီတဖျော်ဖြေမှုများ၊ ဒီဂျေသီချင်းများအား မိသားစုလိုက်၊ အစုအဖွဲ့ အလိုက် လာရောက် လည်ပတ်ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းကလည်း ဗဟိုမဏ္ဍပ်၌ ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့များနှင့် ရပ်ကွက် ယိမ်းအဖွဲ့များက ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်ဆိုင်းဝိုင်းဖြင့် လည်းကောင်း၊ ကိုပိုင်သံ စဉ်/ ကိုယ်ပိုင်စာသား/ CD ဖြင့်လည်းကောင်း၊ CD တေးသီချင်းများဖြင့် လည်းကောင်း ယှဉ်ပြိုင်လျက်ရှိရာ သင်္ကြန်ချစ်သူပရိတ်သတ်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြကာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဆိုင်းဝိုင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်