ဒဂုံမြောက် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းသောကာလ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဒဂုံမြို့သစ်ခရိုင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များက ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ အကအလှတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးပြီး ဆုတော်ငွေများချီးမြှင့်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းမှစတင်၍ လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း မိသားစုအလိုက် ရေပက်ခံထွက်ကြသူများ၊ ပျော်ရွှင်စွာရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အေးချမ်းစွာရေကစားနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များနှင့် နေအိမ်များ၌လည်း စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ချစ်ကြည်ရင်းနှီးစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ