ရပ်စောက်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ ရေပက်ကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းဖြင့် ဆင်နွှဲ

ရပ်စောက် ဧပြီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ရေပတ်ကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ‌ယနေ့နံနက်ပိုင်းက ရပ်စောက်-ရွှေညောင် မိန်းလမ်းမကြီး၊ ရဿဝတီခန်းမရှေ့ဗဟိုမဏ္ဍပ်၌  စည်ကားစွာဆက်လက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အဆိုပါဗဟိုမဏ္ဍပ်တွင် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့များမှ အကအလှများဖြင့် အလှည့်ကျဖျော်ဖြေကြရာ ရေကစားသူများဖြင့်စည်ကားလျက်ရှိပြီး ဌာနဆိုင်ရာများမှ သာကူကြိုဖြင့် စတုဒိသာကျွေးမွေးခဲ့ကြသည်။ ဗဟိုမဏ္ဍပ်သို့လာရောက် ရေကစားကြသော မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက် မြို့နယ်ယာဉ်ထိန်းရဲနှင့် တာဝန်ရှိသူများက လမ်းညွှန်ဆောင်ရွက်ကြသည်။

ရပ်စောက်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်ဟင်းခါး၊ သာကူကြို စသည့် ရိုးရာအစားအသောက်များကို အစုအဖွဲ့ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့အား အေးချမ်းပျော်ရွှင်စွာဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)