သထုံ ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ (မဟာသင်္ကြန်အတက်နေ့) နံနက်ပိုင်းတွင် သထုံမြို့၊ ရွှေစာရံစေတီအနီးရှိ ခရိုင်အဆင့်ဗဟိုရေကစားမဏ္ဍပ်၌ သင်္ကြန်ပွဲတော်အား ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား တာဝန်ရှိသူများက သင်္ကြန်ပန်းကုံးများဖြင့် ကြိုဆို၍ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဧည့်သည်တော်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ပြီး ဒေသခံပြည်သူများ၏ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုတို့ကို ကြည့်ရှုအားပေးကာ ရေသဘင်ပွဲ၌ ပါဝင်ဆင်နွဲခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပါဝင်ဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အနုပညာရှင်တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)