မော်လမြိုင် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် သင်္ကြန်အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြယှဥ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
ထို့နောက် လမ်းလျှောက်သင်္ကြန်၌ လာရောက်ရေကစားသူများအား မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်မှ သနပ်ခါးလိမ်းကျံပေးခြင်း၊ လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များ၊ ထမနဲမဏ္ဍပ်မှ ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် လမ်းလျှောက်သင်္ကြန်အား တစ်မူထူးခြားစွာကျင်းပဆင်နွှဲလျက်ရှိပြီး ဧပြီ ၁၅ ရက်နေ့ မဟာသင်္ကြန် (အကြတ်နေ့)တွင် မော်လမြိုင်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများဖြင့် အထူးစည်ကားများပြားလျက်ရှိကာ ရေကစားသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး အပါအဝင် ဘေးအန္တရာယ်ကင်းရှင်းပြီး အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများသည် ဧပြီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ် ဗဟိုမဏ္ဍပ်တွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနေမှု ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြယှဥ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဧည့်သည်တော်များအား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းခဲ့ပြီး ဒေသခံပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွဲ၍ စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)