တွံတေး ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နှစ်စဥ်ကျင်းပလျက်ရှိသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ကွမ်းခြံရပ်ကွက် အလယ်ပိုင်း ဗိုလ်ချုပ်လမ်းမကြီးရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တို့တွင် ပြည်သူများကပျော်ရွှင်စွာဆင်နွှဲ လျက်ရှိကြောင်းသိရသည်။
ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များက အက၊ အလှများဖြင့် အလှည့်ကျကပြဖျော်ဖြေခဲ့ကြပြီး ရေကစားသူပြည်သူများအား စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည့် အပြင်ရပ်ကွက်၊ ကျေးရွာများတွင်လည်း ရေပက်ကစားကြသည့် ပြည်သူများက မဟာသင်္ကြန်အတက်နေ့ကို ပျော်ရွှင်စွာဆင်နွှဲကြပြီး မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် တွံတေးမြို့ပေါ်ရှိ လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း မိသားစုအလိုက် ရေပက်ခံထွက်ကြသူများ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များနှင့် နေအိမ်များ၌လည်း စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ချစ်ကြည်ရင်းနှီးစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)