စစ်တွေ ဧပြီ ၁၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများတို့သည် သင်္ကြန်အကြတ်နေ့ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တို့သည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မာရာမကျောင်းတိုက်သို့ သွားရောက်ကြပြီး ဆရာတော်အားဖူးမြော်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သာသနာ့ရေးဆိုင်ရာများကို လျှောက်ထားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဆရာတော်အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ပညာလင်္ကာရကျောင်းတိုက်သွားရောက်ပြီး ကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒအား ဖူးမြော်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သာသနာ့ရေးဆိုင်ရာများကို လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဆရာတော်ကြီးအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆပ်ကပ်လှူဒါန်းကြသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကြန်အကျနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဗဟိုမဏ္ဍပ်သို့သွားရောက်ပြီး သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ရခိုင်အဆိုတော်များ၊ တေးသံရှင်များ၏ ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ရခိုင်ရိုးရာရေကစားမဏ္ဍပ်၌ ရခိုင်ရိုးရာစဉ်လာနှင့်အညီ လောင်းလှေများဖြင့် ရေကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များနှင့်အတူ ပါဝင်ရေကစားကြသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမကြီးရှိ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်သို့ သွားရောက်ကြပြီး ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲသည်။
စစ်တွေမြို့၌ သင်္ကြန်အကြတ်နေ့၌ ရေကစားကြသူများ ရေပက်ခံထွက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)