မန္တလေး ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၆ ခုနှစ်၊ ယနေ့ ဧပြီ ၁၆ ရက်နေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေကစားသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကာ စည်ကားများပြားလျက်ရှိသည်။
အဆိုပါ မန္တလေးမဟာသင်္ကြန်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးကျုံးပတ်ပတ်လည်တွင် ဗဟိုမဏ္ဍပ်နှင့် တိုင်းရင်းသားရိုးရာသင်္ကြန်မဏ္ဍပ်များ အပါအဝင် မဏ္ဍပ်ကြီး ၁၇ ခု၊ မဏ္ဍပ်သေး ၂၈ ခု စုစုပေါင်း မဏ္ဍပ် ၄၅ ခုဖြင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့သင်္ကြန်အတက်နေ့တွင် သင်္ကြန်ယိမ်းအကများ၊ နိုင်ငံကျော်ဗီဒီယိုရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များက သီဆိုဖျော်ဖြေခြင်း၊ ကိုးရီးယားနိုင်ငံမှ k-pop အဆိုတော်များက သီဆိုဖျော်ဖြေကပြခဲ့ရာ ရေကစားသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ မဟာသင်္ကြန်အတက်နေ့တွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယင်းသီဆိုဖျော်ဖြေ ကပြခဲ့သည့် ကိုးရီးယား k-pop သီဆိုဖျော်ဖြေအကအဖွဲ့ဝင်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)