ကျောက်မဲ ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့တွင် မြို့အနှံ့အပြား၌ ရေပက်ခံထွက်သူများနှင့် လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ယိမ်းအဖွဲ့ ၁၈ ဖွဲ့၏ ကပြဖျော်ဖြေမှုများ၊ ဒေသခံအနုပညာရှင်များ၏ တေးသီချင်းဖျော်ဖြေမှုများနှင့် DJ တေးဂီတတင်ဆက်မှုများကို အစဉ်အဆက်မပြတ် တင်ဆက်ပေးလျက်ရှိသည်။
ယခုနှစ်တွင် ဗဟိုမဏ္ဍပ်အနီး၌ ဒေသရိုးရာကို ဖော်ဆောင်သည့် လက်ဖက်သင်္ကြန်မဏ္ဍပ်၊ သနပ်ခါးမဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်များကိုပါ စုံစုံလင်လင် ထည့်သွင်းထားရှိခြင်းကြောင့် လာရောက်လည်ပတ်သူပိုမိုများပြားလာပြီး ယခင်နှစ်များထက် ထူးခြားစွာ စည်ကားနေခြင်းဖြစ်သည်။
ထို့ပြင် မြို့ပေါ်ရပ်ကွက်များအတွင်း၌လည်း ရပ်ကွက်အလိုက် ရေပက်မဏ္ဍပ်ငယ်များ စိုက်ထူထားရှိကာ စတုဒိသာများ ဖြန့်ဝေကျွေးမွေးလျက်ရှိရာ ရေပက်ခံထွက်သူများနှင့်အတူ အနီးပတ်ဝန်းကျင်ဒေသများမှ လာရောက်ဆင်နွှဲသူများဖြင့် မြို့လုံးကျွတ်နီးပါး ပျော်ရွှင်ကြည်နူးဖွယ်ရာ မြင်တွေ့ရသည်။
“ဒီနှစ်ကတော့ မဏ္ဍပ်တွေလည်းပိုစုံလာသလို လူတွေလည်းတော်တော်လေး စည်စည်ကားကား ရှိလှပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ အဆိုပါ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ကျောက်မဲမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အလှတရားများကို စည်ကားသိုက်မြိုက်စွာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်