အင်းလေးရေပေါ်သင်္ကြန် မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားသူများ၊ ခရီးသွားဧည့်သည်များဖြင့် စည်ကား

ညောင်ရွှေ ဧပြီ ၁၆

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးရေပေါ်သင်္ကြန်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အင်းလေးရေပေါ်သင်္ကြန် တတိယနေ့တွင် ရေကစားမဏ္ဍပ်တည်ရှိရာ မိုင်းသောက်ကျေးရွာအနီးရှိ ရေလယ်ဧည့်ခန်းမ ရေကစားမဏ္ဍပ်၌ နံနက်ပိုင်းမှစတင်၍ ပတ်ဝန်းကျင်ကျေရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ရေလယ်ဧည့်ခန်းမမဏ္ဍပ်ပေါ်တွင်လည်း ယိမ်းအကအဖွဲ့များ၊ တေးသံရှင်များမှ တေးသံသာများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။

အင်းလေးရေပေါ်သင်္ကြန်တွင် ရေကစားသူများသည် စက်လှေများပေါ်မှလည်းကောင်း၊ ရေကစားမဏ္ဍပ်ပေါ်မှ လည်းကောင်း၊ သတ်မှတ်ထားရာနေရာများမှနေ၍ ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။

အင်းလေးဒေသသည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာဒေသတစ်ခုဖြစ်သည်နှင့်အညီ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်အဖြစ် ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ