လားရှိုးမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ ကျင်းပ

လားရှိုး ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီအချိန် က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်း က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ဆောင်ရွက်သွားနိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် အသစ်ပြင်ဆင်ပြဌာန်းခဲ့သည့် နည်းဥပဒေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြမေးမြန်းခဲ့ကြသည်။ လားရှိုးမြို့နယ်အတွင်း၌ ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၅)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ အသစ်ရွေးချယ်ရေး လုပ်ငန်းစဉ်၌ ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်အား ဇုန်(၅)ဇုန် ခွဲခြားသတ်မှတ်၍ ဇုန်အလိုက် ရပ်ကွက်/ကျေးရွာ အုပ်စုခွဲများကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲအခမ်းအနားသို့ လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု (၇၅)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)