လားရှိုး ဧပြီ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကျနေ့၌ ရေကစားလည်ပတ်သူများအား လူထုအခြေပြုဗဟိုဌာန Community Centre မှ ရာသီစာမုန့်လုံးရေပေါ်များ ပေးဝေလှူဒါန်းခဲ့သည်။
ထိုသို့ပေးဝေလှူဒါန်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေး ဦးဇော်ဌေးအောင်၊ ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်နှင့် ဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များက လားရှိုးမြို့အတွင်း ရေကစားလည်ပတ်နေသည့် ပြည်သူများအား ရာသီစာမုန့်လုံးရေပေါ်များ ပေးဝေလှူဒါန်းခဲ့သည်။
ထို့အပြင် လားရှိုးတက္ကသိုလ် ကိုယ်စားပြု ပိတောက်ဧကရီယိမ်းအဖွဲ့မှလည်း လူထုအခြေပြုဗဟိုဌာန Community Centre ရှေ့တွင် ရေကစားလာရောက်ကြသည့် ပြည်သူများ၊ စတုဒိတာလာရောက် ယူဆောင်ကြသည့် ပြည်သူများအား မြန်မာ့ရိုးရာမဟာသင်္ကြန် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့သည်။
အဆိုပါ စတုဒီတာကျွေးမွေးခြင်း အစီအစဉ်အား လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre မှ မဟာသင်္ကြန်အကြတ်နေ့တွင် မုန့်လက်ဆောင်းအားလည်းကောင်း၊ မဟာသင်္ကြန်အတက်နေ့တွင် ကျောက်ကျောသံပုရာဖြင့်လည်းကောင်း နေ့လည် ၁၁ နာရီမှစ၍ ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)