ပြင်ဦးလွင်မြို့၌ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့)တွင် ပြည်သူများ ပါ၀င်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားကျင်းပ

ပြင်ဦးလွင် ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၁၃၈ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကန်တော်ကြီးပတ်လမ်းပေါ်တွင် ပြင်ဦးလွင်မြို့ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများ၊ ပြင်ဦးလွင် တပ်နယ်မှ အရာရှိ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ ကြက်ခြေနီ အသင်းများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လာရောက်ဆင်နွှဲကြသော ပြည်သူများကို ရွှေရင်အေး၊ သာကူ၊ ကြာဇံချက်၊ ထမင်းစသည့် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး လျက်ရှိကြောင်း သိရသည်။

၁၃၈ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာ များနှင့် အညီရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းယ် သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအား ပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်သည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)