တွံတေး ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့မြောက်ထောင့် အောင်မြေရင်ပြင်တော်၌ (၄၆၁)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၅ နာရီမှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
သဲပုံစေတီပူဇော်ပွဲအတွက် နံနက် ၅ နာရီမှ စတင်ကာ သဲလုပ်အားဒါနပြုလိုသူများက သဲများလာရောက်သယ်ဆောင်နိုင်ပြီး ရှမ်းလေးရွာဖြစ်သည့် ရှမ်းစုကြီး၊ ညောင်တံခါး၊ မူးလမန်း၊ ငါးခမ်းမစမ်းရွာများက ဦးဆောင်ကာ နှစ်စဉ်နှစ်ဦး သဲပုံစေတီတည်ထားပူဇော်ခဲ့ကြသည်။ နှစ်ဦးသဲပုံစေတီကို နှစ်ဆန်းတစ်ရက်နေ့မှ ဝါဆိုလအထိ တည်ထားပူဇော်ပြီး ရှမ်းရိုးရာဓလေ့ သဲပုံစေတီပွဲကို အဆိုပါရှမ်းလေးရွာက ဦးဆောင်ကျင်းပရာ ယခုနှစ်တွင် မူးလမန်းကျေးရွာက ရာဇမတ်၊ ငါးခုမ်းမစမ်းကျေးရွာက ဂွေငါးဂွေနှင့် ပိန္နဲတိုင်၊ ညောင်းတံခါးကျေးရွာ ခေါင်းလောင်းနှင့် ကြာမှောက်ကြာလန်ဌက်ပျောဖူး၊ ရှမ်းစုကြီးကျေးရွာက ထီးတော်တို့ကို ပြုလုပ်၍ စေတီတည်ထားကြောင်းနှင့် စေတီ၏ အစိတ်အပိုင်းများကို ကျေးရွာများက နှစ်စဥ်အလှည့်ကျ ဆောင်ရွက်ကြရကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းလေးရွာ၏ ရိုးရာမပျက်နှစ်ဦး သဲပုံစေတီပူဇော်ပွဲသည်(၄၆၁)ကြိမ်ရှိလာပြီဖြစ်ကြောင်း ရိုးရာဓလေ့မပျောက်ပျက်စေရန် ယနေ့လူငယ်များက ဆက်လက်ဆောင်ရွက်နေကြောင်း၊ သဲပုံစေတီတော်၏ အတိုင်းအတာများကို ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့(တွံတေး)က သတ်မှတ်ပေးထားသည့် အတိုင်း၊ အတာ အကွာအဝေး၊ အနိမ့်အမြင့်ကို ရှမ်းလေးရွာက ပြုလုပ်ရကြောင်း သဲပုံစေတီ၏ ဉာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ကြောင်း သဲပုံစေတီပူဇော်ပွဲ ကျင်းပရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးလှိုင်(တွံတေး)