ကျောက်ပန်းတောင်းမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး လမ်းလျှောက်သင်္ကြန်တွင်လည်း တပ်နယ်ယိမ်းအကအဖွဲ့များ တီးဝိုင်းအဖွဲ့ ဖျော်ဖြေမှုများဖြင့် တိုးမပေါက်အောင် စည်ကား

ကျောက်ပန်းတောင်း ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် နံနက် ၉ နာရီမှစတင်၍ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး၊ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ထော်လာဂျီယာဉ်များဖြင့် ရေပက်ခံထွက်ကြသူများ စည်ကားလျက်ရှိသည့် နည်းတူ၊ လမ်းလျှောက်သင်္ကြန်ကျင်းပနေသည့် လွတ်လပ်ရေးရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင်လည်း သံစုံတီးဝိုင်းအဖွဲ့များမှ သဘင်အနုပညာရှင်များက မြူးကြွသည့် သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိကြပြီး၊ ကျောက်ပန်းတောင်းတပ်နယ်မှ တပ်မိသားစုယိမ်းအဖွဲ့များကလည်း အကအလှများဖြင့် အားဖြည့်ဖျော်ဖြေလျက်ရှိရာ ရေပက်ကစားသူများ၊ ရေပက်ခံလာသူများဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေပက်ကစားကြသူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်စေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး၊ ရေရရှိရေးတို့ကို စီမံဆောင်ရွက်ပေးလျက်ရှိကြပြီး၊ မြို့ပေါ်လမ်းများအလိုက် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒိသာကျွေးမွေးကြသူများ၊ ရေပက်ကစားကြသူများ ရေပက်ခံထွက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)