ပုဇွန်တောင် ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေဘုန်းပွင့်စေတီတော်ြမတ်ကြီးတွင် ယနေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းမှ စတင်၍ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုကြသူ များပြားသည်။
ထိုသို့ ဘုရားဖူးမြော်ကြည်ညိုကြရာတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော် ကြီးများအပါအဝင် သံဃာတော်များနှင့် ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီး၊ သောက်တော် ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်းနှင့် ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒိသာ အလှူပြုလုပ်သူများနှင့် ငှက်လွှတ်သူများဖြင့် ဘုရားဖူးလာရောက်သူများ စည်ကား များပြားလျက်ရှိသည်။
ပုဇွန်တောင်မြို့နယ်နေ ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းများတွင် ငါးပါးသီလခံယူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းခဲဖွယ်များ ဆက်ကပ်ခြင်းနှင့် ဘုန်းကြီးကျောင်းတက်လာ ကြသူများအား အလှူရှင်များမှ စတုဒိသာကျွေးမွေးခြင်း စသည့်ကုသိုလ်ရေးလုပ်ငန်းများနှင့် မြန်မာနှစ်သစ်ကူးကို ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းခဲ့ကြကြောင်း သတင်းရသည်။
ဟန်စုယဉ်