ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်

ပုဗ္ဗသီရိ ဇန်နဝါရီ  ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပုံမှန် လည်ပတ်မှု ရှိစေရန် ဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းမှစတင်၍ စက်ကုန်းကျေးရွာနှင့် ညောင်ပင်ကြီးစုကျေးရွာများရှိ စာကြည့်တိုက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များအနေဖြင့် စာကြည့်တိုက်များ ရေရှည်တည်တံ့နေစေရုံသာမက ပုံမှန်လည်ပတ်မှုရှိစေရန်အတွက် မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့နှင့် ပူးပေါင်းပြီးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် စာကြည့်တိုက်များရှိ စာအုပ်စာစောင်များ ပျက်စီးမှုမရှိစေရန် စနစ်တကျ ထိန်းသိမ်းထားရှိရန် လိုကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာပေါင်း (၇၂)ရွာတွင် စံညီစာကြည့်တိုက် စုစုပေါင်း (၁၁)တိုက် ရှိကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)