တောင်ကြီး ဧပြီ ၁၅
နိုင်ငံတစ်ဝန်း အေးချမ်းပျော်ရွှင်စွာဆင်နွှဲနေကြသည့် မဟာသင်္ကြန်အတာရေသဘင်ပွဲတော်သည် ယနေ့ဆိုလျှင် သင်္ကြန်အကြတ်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ပူပြင်းလှသည့် နွေနေပူပူတွင် ကျင်းပရသည့် ပွဲတော်ဖြစ်သော်လည်း အတာရေချမ်းကြောင့်ပြည်သူတို့၏ ကိုယ်စိတ်နှလုံးအေးမြငြိမ်းချမ်းစေသည့်အတွက် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင်လည်း ပြည်သူများ ကိုယ်စိတ်နှလုံးပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် မဟာသင်္ကြန်အတာရေသဘင်ပွဲတော်ကို ခမ်းခမ်းနားနားစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
တောင်ကြီးမြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာယိမ်းအကအလှအဖွဲ့များက ပြိုင်ပွဲဝင် တေးသီချင်းအကလှများ၊ ဖျော်ဖြေရေးအစီစဉ်များဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေပေးကြသည့်အပြင် နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ်အကြိုက်တေးသီချင်းများကို သီဆိုဖျော်ဖြေပေးလျက်ရှိကြရာ အတာရေသဘင်ပွဲဆင်နွဲကြသူများဖြင့် အထူစည်ကားလျက်ရှိကြသည်။
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်များအလိုက် ရေကစားမဏ္ဍပ်များ၌လည်း အတာရေများအကြားတွင် တိုင်းရင်းသားမိဘပြည်သူများက သီချင်းသံစဉ်စည်းချက်များနှင့်အညီ လိုက်ပါယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်ကြသည်။ ထို့အပြင် လမ်းလျှောက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ လက်ဖက်နှင့်ကော်ဖီသင်္ကြန် သနပ်ခါးသင်္ကြန်များတွင်လည်း ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိသည်။ ထို့အတူ စတုဒိသာမဏ္ဍပ်များက ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာများကိုလည်း အားပါးတရနှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြင်ကွင်းကလည်း မြန်မာတို့၏ ချစ်စရာဓလေ့ကိုတွေ့မြင်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။
တောင်ကြီးမြို့ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)