ညောင်ဦး ဧပြီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်သည့် ယမန်နေ့နံနက် ၈ နာရီခွဲမှ စတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် စတုဒိသာကျွေးမဏ္ဍပ်များတွင်လည်း စတုဒိသာကျွေးမွေးသူ၊ ရေကစားသူ၊ သနပ်ခါးမဏ္ဍပ်တွင် နံ့သာသွေးလိမ်းသူ၊ အလှဓာတ်ပုံရိုက်ကူးသူ၊ နွားလှည်းစီး၍ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း သရပါတံခါးမှ ဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ ရေပက်ကစားကြသူများ၊ ရေပက်ခံသူများ၊ စတုဒိသာကျွေးမွေးသူများ၊ ဖျော်ဖြေရေးဗဟိုမဏ္ဍပ်တွင် သံစုံတီးဝိုင်းဖြင့် ဖျော်ဖြေမှုများ ဖြင့်စည်ကားလျက်ရှိပြီး ယနေ့သင်္ကြန်အကျနေ့တွင်လည်း လမ်းလျှောက်သင်္ကြန်လမ်းတစ်လျှောက် ရေကစားမဏ္ဍပ်ကြီး/ငယ်များဖြင့်လည်းကောင်း၊ ရေဘောက်ဆာကားများဖြင့်လည်းကောင်း ရေပက်ကစားလျက်ရှိကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းအတွင်း ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သရပါတံခါးအတွင်းဘက်တွင် ပုဂံအငွေ့အသက်မုခ်ဦးပြုလုပ်၍ နွားလှည်းများဖြင့် ရေကစားထွက်နိုင်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိပြီး မြန်မာ့ရိုး ရာနွားလှည်းများဖြင့် ရေကစားထွက်မှုမှာလည်း လမ်းလျှောက်သင်္ကြန်လာရောက်သူများ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း