မူဆယ်မြို့တွင် သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်မဏ္ဍပ်များတွင် လူစည်ကား

မူဆယ် ဧပြီ ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်ကမ်းဘေးရှိ ဗဟိုမဏ္ဍပ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်မဏ္ဍပ်များတွင် လူစည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်၊ မြန်မာ့ရိုးရာ လက်ဖက်သင်္ကြန်၊ မြန်မာ့ရိုးရာထမနဲသင်္ကြန်၊ မြန်မာ့ရိုးရာကော်ဖီသင်္ကြန်မဏ္ဍပ်များကို ဗဟိုမဏ္ဍပ်နှင့်အတူ တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည်။ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်မဏ္ဍပ်တွင် သနပ်ခါးကို ရှေးဘုရင်များလက်ထက်မှစ၍ အသုံးပြုခဲ့ကြောင်း၊ သနပ်ခါးပါးတို့ပွဲများ ရှိခဲ့ကြောင်း၊ သနပ်ခါး၏ အသုံးဝင်ပုံများကို ရှင်းလင်းခဲ့ကြပြီး၊ လာရောက်ကြသည့်ဧည့်သည်များအား သနပ်ခါးလိမ်းပေးခြင်းများအပြင် မိမိတို့ကိုယ်တိုင် သနပ်ခါးကိုသွေး၍ လိမ်းခြယ်နိုင်အောင် စီစဉ်ထားရှိသည်။

မြန်မာ့ရိုးရာ လက်ဖက်သင်္ကြန်မဏ္ဍပ်တွင် အသင့်စားသုံးနိုင်သည့် လက်ဖက်အုပ်များ စီစဉ်ထားရှိပြီး ဧည့်သည်တော်များအား ကိုယ်တိုင်စားသုံးစေခြင်း၊ လက်ဖက်စိုက်ပျိုးပုံ၊ ခူးဆွတ်ပုံ၊ လက်ဖက်အဆင့်ထိ ပြုလုပ်ပုံများကို ပြသထားပါသည်။ မြန်မာ့ရိုးရာထမနဲမဏ္ဍပ်တွင် ထမနဲပွဲတော်အကြောင်း၊ ထမနဲတွင်ပါဝင်သည့်ပစ္စည်းများ၊ အသင့်စားသုံနိုင်အောင် စီစဉ်ထားသည့် ထမနဲများထားရှိပြီး၊ ဧည့်သည်တော်များ မြင်တွေ့နိုင်ရန် ထမနဲထိုးပွဲကို စီစဉ်ဆောင်ရွက်ထားပါသည်။

မြန်မာ့ရိုးရာကော်ဖီမဏ္ဍပ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်ပုံ၊ ကော်ဖီကြိတ်စက်များနှင့် အသင့်သောက် သုံးနိုင်သည့် ကော်ဖီထုပ်များကို ထားရှိပြီး ဧည့်သည်တော်များအား ဖျော်ပြီးအသင့်သောက်သုံးနိုင်ရန် ကော်ဖီခွက်များစီစဉ်ထားရှိရာ ပြည်သူများမှ လာရောက်သောက်သုံးခဲ့ကြသည်။ အဆိုပါမဏ္ဍပ်လေးခုလုံးတွင် အမှတ်တရဓာတ်ပုံများရိုက်ကူးရန် Photo Board များ စီစဉ်ထားရှိရာ ပြည်သူများမှ ပျော်ရွှင်စွာလာရောက်၍ ပါဝင်ဆင်နွှဲခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူး၍ စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)