မတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲကျင်းပ

မတ္တရာ ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၁၃၈၇ ခု မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ဗိုလ်တေဇပန်းခြံ‌ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းလတ်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်အတာရေ သဘင်ပွဲတော် လမ်းလျှောက်သင်္ကြန် အခမ်းအနားကို စည်ပင်သာယာရေးဖွဲ့အမှုဆောင်အရာရှိ ဦးသန်းစိုးမှ မန်းတောင်ရိပ်ခိုသီချင်းကို သီဆိုကာအမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းလတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး သန်းဝင်းအောင်နှင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်တို့မှ သီချင်းများသီဆိုပြီး ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခဲ့ကြသည်။

မတ္တရာမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း၌ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးယိမ်းဖွဲ့များဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌ ရေကစားမဏ္ဍပ်များ၊ လူမှုရေးအသင်းအဖွဲ့ ရေမကစားမဏ္ဍပ်များဖြင့် ကျင်းပသွားမည်ဖြစ်ကာ စတုဒိသာများကိုလည်း နေ့စဉ် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရာသား