‎မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မဟာအောင်မြေ ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကျနေ့ကို မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ဧပြီလ ၁၃ ရက်နေ့သင်္ကြန်အကြိုနေ့မှစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယနေ့အကျနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်များ ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက ကျုံးပတ်လည်မဏ္ဍပ်များသို့ လမ်းလျှောက်အတာသင်္ကြန်ပီသစွာ စတုဒီသာမဏ္ဍပ်များကို လှည့်လည်ကြည့်ရှု၍ အများပြည်သူများနှင့် ရင်းရင်းနှီးနှီးအတူတကွ ပျော်ရွှင်ဆင်နွှဲခဲ့သည်။

မန္တလေးမြို့တော် အတာသင်္ကြန်သည် ရှေးမြန်မာ့ရိုးရာအစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်က အများပြည်သူများသည် အားလပ်ရက် သင်္ကြန်ကာလတွင် မန္တလေးမြို့ပေါ် ဘုရား၊ စေတီ၊ ပုထိုးများ ကုသိုလ်ဒါနပြု၍ နှစ်သစ်ကိုကြိုဆိုကြပြီး လူငယ်လူရွယ်များက သက်ကြီးရွယ်အိုများအား ရေကန်တော့ခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းများ ကုသိုလ်ပြုကြသည်။ မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို အတက်နေ့အထိ မြို့အနှံ့စည်ကားသိုက်မြိုက်စွာ ကျင်းပ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း