မိုင်းယောင်းမြို့တွင် ရှေးဟောင်းဘုရား လှည့်လည်ပူဇော်ပွဲကျင်းပ

မိုင်းယောင်း ဧပြီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် “ဖကျောက်တစ်” ဆုတောင်းပြည့် ရှေးဟောင်းဘုရားဆင်းတုတော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းလိယဉ်ကျေးမှုကော်မတီနှင့် မိုင်းယောင်းသူ၊ မိုင်းယောင်းသားများက ဟိုခုံဘုန်းကြီးကျောင်းမှ စတင်ပင့်ဆောင်၍ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်အထိ လှည့်လည်အပူဇော်ခံကာ သက်ဆိုင်ရာရပ်ကွက်ရှိ ယာယီမဏ္ဍပ်တွင် ကိန်းဝပ်စံပ္ပါယ်တော်မူထားပြီး ရဟန်းရှင်လူပြည်သူများက လာရောက်ဖူးမြော်ရေသပ္ပါယ်ပူဇော်ကြသည်။

မြို့ကျက်သရေဆောင် ဟိုခုံဘုန်းကြီးကျောင်းတွင် ကိန်းဝပ်စံပ္ပါယ်သည့် “ဖကျောက်တစ်” ဆုတောင်းပြည့် ရှေးဟောင်းဘုရားဆင်းတုတော်အား သင်္ကြန်အကျနေ့တွင် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကို နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း