ခိုလမ် ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော် ဖွင့်ပွဲကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့တွင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများ၊ သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအကများ၊ တေးဂီတဖျော်ဖြေ တင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အကျနေ့တွင် ခိုလမ်မြို့အတွင်း၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာအမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ ယိမ်းအက၊ ရိုးရာအက၊ အလှ၊ တေးဂီတတို့ဖြင့် မြူးထူးပျော်ရွှင်စွာ ရေကစားကြရာ မိတ္ထီလာ - တောင်ကြီး - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်နှင့် မြို့တွင်းအနှံ့ သင်္ကြန်ရေကစားမဏ္ဍပ်တို့၌ စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
သင်္ကြန်အကျနေ့တွင် ခိုလမ်မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် အဖွဲ့ဝင်များသည် မြန်မာ့ရိုးရာမဟာ သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအက၊ အလှ၊ တေးဂီတဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)