စစ်တွေ ဧပြီ ၁၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းမကြီးတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ယိမ်းအကအဖွဲ့များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သင်္ကြန်ဆိုသည့် ဝေါဟာရသည် စာပေအရေးအသားများတွင် ပါဠိဘာသာ သင်္ကန္တမှလည်းကောင်း၊ သက္ကဋဘာသာ သင်္ကြန်န္တမှလည်းကောင်း ဆင်းသက်လာသည့် စကားဖြစ်ပြီး မြန်မာဘာသာဖြင့် ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း၊ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုသည်ဟု ဖော်ပြကြကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် လူမျိုးအလိုက် ဘာသာယဉ်ကျေးမှုအလိုက် နှစ်သစ်ကူးပြောင်းခြင်းကို ခမ်းကျင်းပကြရာ ရခိုင်ပြည်နယ်တွင်းလည်း မြန်မာနှစ်သစ်ကူးပြောင်းခြင်းအထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲတော်ကို တစ်မျိုးတစ်ဘာသာ ထူးခြားစွာ ကျင်းပပြုလုပ်ခဲ့ကြပြီး ရိုးရာဓလေ့သင်္ကြန်ပွဲတော်သည် သိမ်မွေ့ခြင်း၊ ထူးခြားခြင်း၊ ထင်ရှားခြင်းစသည့် အင်္ဂါရပ်များကို ဖော်ကျူးထားသော ပွဲတော်ဖြစ်သည့်အတွက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို စဉ်လာမပျက် နှစ်စဉ်နှစ်တိုင်းကျင်းပကာ ထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ယဉ်ကျေးမှုယိမ်းအကအဖွဲ့များက ပျိုအလှနန့်ခါသင်္ကြန်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် မဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား သပြေခက်ဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လမ်းမကြီး၌ ကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်မုခ်ဦးအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ယဉ်ကျေးမှုယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲအား ပြည်သူများနှင့်အတူ ပျော်ပျော်ပါးပါးပါဝင်ဆင်နွဲကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတာဝန်ရှိသူများသည် စတုဒီသာမဏ္ဍပ်များနှင့် သနပ်ခါး မဏ္ဍပ်သို့ လှည့်လည်ကြည့်ရှုအားပေးကြပြီး ဗဟိုမဏ္ဍပ်၌ ရခိုင်အဆိုတော်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် ကပြဖျော်ဖြေပေးကြသော ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတပ်နယ်၌ ကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲသို့ တက်ရောက်အားပေးကြသည်။ ဦးစွာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူးက နှစ်သစ်ကူး ဆုတောင်းစကားပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်တွေတပ်နယ်မဏ္ဍပ်နှင့် လမ်းလျှောက်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ယိမ်းအကအဖွဲ့ဝင်များ၊ မဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား အတာရေဖြင့် ပက်ဖျန်းကြသည်။ ထို့နောက် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)