ဟိုပုံး ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၁၃) ရက်နေ့ ညနေ (၅) နာရီက သီရိမင်္ဂလာသာသနာ့ဗိမာန်ရှေ့ ဟိုပုံးမြို့မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် အဖွင့်အမှာစကား ပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေတို့က မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေရာ တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များဖြစ်ကြသည့် အနောက်ရပ်ကွက်ယိမ်းအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနယိမ်းအဖွဲ့၊ မြို့ဦးကွက်သစ်ယိမ်းအဖွဲ့၊ ပိတောက်ရွှေဝါဖူးယိမ်းအဖွဲ့(ထွေ/အုပ်)၊ မြို့ဦးရပ် ကွက်ယိမ်းအဖွဲ့၊ နောင်တောင်းယိမ်းအဖွဲ့တို့က ယှဉ်ပြိုင်ခဲ့ကြပြီး အ.ထ.က (၁) ယိမ်းအဖွဲ့နှင့် ထွေ/အုပ်ကလေးငယ်များက ကပြဖျော်ဖြေပေးခဲ့ပြီးနောက် ဗဟိုမဏ္ဍပ်တွင် အဆိုဝါသနာရှင်များ၏ တေးသီချင်းဖျော်ဖြေပေးနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ဟိုပုံးမြို့နယ်၌ လက်ဖက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့ကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)