မြစ်ကြီးနား ဧပြီ ၁၃
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဗဟိုမဏ္ဍပ်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၁)ဖွဲ့နှင့် ဒေသခံပြည်သူ အများအပြား တက်ရောက်ခဲ့ရာ အခမ်းအနားမှူးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဆင်နွှဲရခြင်း၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို ရှင်းလင်းဖတ်ကြားရာ ပုဂံဝင်းအဖွဲ့က ပုဂံခေတ်သင်္ကြန်၏ သရုပ်ဖော်ပုံကို ပြသခဲ့ကြသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်သင်္ကြန်ပွဲတော်တွင် တစ်နှစ်တာ လုံး နှစ်ဟောင်းမှ မိမိတို့ ဆောင်ရွက်ခဲ့သည့် မကောင်းသော အညစ်အကြေးများကို ဆေးကြော၍ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တို့ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် တစ်ဦးကို တစ်ဦး ချစ်ကြည်စွာ ရေပက်ကစားကြသည့် မြန်မာ့တို့၏ ချစ်စရာဓလေ့များ၊ ဘာသာရေး၊ လူမှုရေးအစဉ်အလာများနှင့် မြန်မာ့စိတ်ရင်းသဘောထားများကို တွေ့မြင်နိုင်သည့် ပွဲတော်ပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရာစုနှစ် များစွာ တည်တံ့လာခဲ့သည့် ရိုးရာယဉ်ကျေးမှုအမွေကို မိမိတို့ မျက်မှောက်မျိုးဆက်သစ်များ အနေဖြင့် ယဉ်ကျေးသိမ်မွေ့စွာ လက်ဆင့်ကမ်းယူနိုင်ကြပါစေကြောင်းနှင့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ယခုအချိန်စ၍ ဖွင့်လှစ် လိုက်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ယိမ်းအဖွဲ့များက တစ်ညီတစ်ညွတ်တည်း စုပေါင်း၍ သင်္ကြန်တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ နံ့သာရည်သပြေခက်ဖြင့် အတာရေလိုက်လံပက်ဖျန်းပေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များအား အတာရေအေးဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ မလိခ Music Band နှင့်အတူ ဒေသခံအဆိုတော်များ၏ ခေတ်ပေါ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို သင်္ကြန်ချစ်သူများ၊ ဒေသခံပြည်သူများနှင့်အတူ အားပေးကြည့်ရှုခဲ့ကြပြီး ကပြသီဆိုဖျော်ဖြေပေးကြသူများအား ချီးမြှင့်ငွေများ ပေးအပ်ကြသည့်အပြင် ဗဟိုမဏ္ဍပ်နှင့်အပြိုင် စတုဒိသာမဏ္ဍပ်များတွင်လည်း လာရောက်လည်ပတ်သူများကို မြန်မာ့ရိုးရာလက်ဖက်၊ ထမင်းနဲ၊ မုန့်လက်ဆောင်၊ မုန့်လုံးရေပေါ်စသည့် သင်္ကြန်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ လောင်းလှေကြီးများတွင် ရေပက် ကစားခြင်းတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပသည်။
အဆိုပါ သင်္ကြန်အကြိုနေ့တွင် ယခင်နှစ်များနှင့် မြန်မာ့ရိုးရာဓလေ့ထုံးစံနှင့်အညီ လမ်းမကြီး၊ ရပ်ကွက်လမ်းသွယ်များတွင် အုန်းလက်မဏ္ဍပ်များဖြင့် ရေပက်ကစားသူများ၊ စတုဒိသာကျွေးမွေးခြင်းနှင့် လည်ပတ်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်