လွိုင်လင် ဧပြီ ၁၃
၁၃၈၇ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ချယ်ရီမြေလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့ ညနေ (၄) နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးအနီး၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပသည်။
လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတွင် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ယိမ်းအကအဖွဲ့များ၊ သင်္ကြန်ချစ်သူ ပြည်သူများတက်ရောက်ကြသည်။ ယင်းနောက် လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် လွိုင်လင်မြို့ ချယ်ရီမြေလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို လွိုင်လင်တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ထို့နောက် ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းသီဆိုကပြရာ ဧည့်သည်တော်များက သပြေခက်ဖြင့်ရေပက်ဖျန်းပြီးနောက် ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ဖြစ်သည့် သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်တို့ကိုပျော်ရွင်စွာဆင်နွှဲကြသည်။
လွိုင်လင်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် လမ်းလျှောက်သင်္ကြန်တွင် ဌာနဆိုင်ရာများ၊ အလှူရှင်များက နေ့စဉ်စတုဒိသာကျွေးမွေးခြင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း စသည့်ကုသိုလ်ကောင်းမှုပြုခြင်းများကို စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ခရိုင်ပြန်/ဆက်