စစ်တွေ ဧပြီ ၁၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီးပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ရိုးရာနံ့သာသွေးပွဲအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွမ်းပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့က သင်္ကြန်အတာကျူးလီယင့် သီချင်းဖြင့် ကပြဖျော်ဖြေပေးကြသည်။
ဆက်လက်ပြီး မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နံ့သာသွေးပွဲတော်ကို ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် များမှစ၍ ယနေ့ ခေတ်တိုင်အောင် သားစဉ်မြေးဆက် အဆင့်ဆင့်လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသော ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ ရခိုင်ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ဗုဒ္ဓဘာသာကိုအခြေခံသည့် ပွဲတော်ဖြစ်သည့်အတွက် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်အလိုတွင် မိမိတို့မြို့ရွာ၊ ရပ်ကွက်အလိုက် ကိုးကွယ်သည့်ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အအုံများကို လူပျို၊ အပျို၊ ရပ်ကွက်လူငယ်များက စုပေါင်းသွားရောက်၍ ရေဖြင့်ဆေးကြောသန့်စင် သန့်ရှင်းခြင်းများကို ဦးစွာလုပ်ကိုင်ကြကြောင်း၊ ညနေပိုင်းတွင် မိမိတို့ရပ်ကွက်ရှိ ဓမ္မာရုံ(သို့မဟုတ်) ယာယီအဆောက်လုပ်ထားသည့် မဏ္ဍပ်စသည့် အဆောက်အဦများ၌ မီးများထွန်းညှိ၍ နံ့သာသွေးပွဲဆောင်ရွက်ကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိန်းမပျိုများသည် မိမိတို့၏ နံ့သာ၊ ကရမက်၊ အမွှေးနံ့သာတုံးများကို ယူဆောင်လာကာ ငွေဖလား၊ ကြေးဖလား၊ ဖန်ဖလားများဖြင့် စုဆောင်းထားကြပါကြောင်း၊ မိန်းမပျိုများ နံ့သာသွေးနေကြစဉ် ယောင်္ကျားပျိုများမှာလည်း မဏ္ဍပ်အဆောက်အဦအပြင်မှ တူရိယာများဖြင့် ပျော်ရွှင်စွာသီဆိုတီးမှုတ်ကခုန်ကြပြီး ညဉ့်ဦးပိုင်းတွင် စုဆောင်းထားရှိသော အမွှေးနံ့သာရည်များအား တာဝန်ရှိသူများက စဉ့်အိုးကြီးများတွင်ထည့်၍ ကောင်းမွန်စွာ သိမ်းဆည်းထားကြပြီး ထိုကဲ့သို့ အစီအစဉ်များဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ရခိုင်ရိုးရာနံ့သာသွေးပွဲဟုခေါ်ကြောင်း၊ ဗုဒ္ဓဘာသာတိုင်းပြည်၊ ဗုဒ္ဓဘာသာလူမျိုးတိုင်း၌ နှစ်ကူးအတာသင်္ကြန်ကို ဆင်ယင်ကျင်းပကြသော်လည်း နံ့သာသွေးပွဲကို အခြားဒေသတွင် ဆောင်ရွက်ခြင်းမပြုကြကြောင်း၊ နံ့သာသွေး ပွဲတော်ဆိုသည်မှာ ထူးခြားသည့် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင်ဖြစ်ကြောင်းနှင့် ယဉ်ကျေးသိမ်မွေ့ပြီး သမိုင်းအစဉ်အလာကြီးမားသော ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ စည်းလုံးမှုအင်အား၊ ကောင်းမွန်ခိုင်မာသောရိုးရာ အစဉ်အလာဓလေ့များနှင့် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးအပေါ်တွင် ထားရှိသော သဒ္ဓါတရား ရိုသေဦးခိုက် ကိုးကွယ်မှုများဖြင့် အလွန်ယဉ်ကျေးသော ယဉ်ကျေးမှုများကိုပြသသော ယခုနံ့သာသွေးပွဲတော်မှသည် ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး အေးချမ်းသာယာပြီး စည်ပင်ဝဖြိုးသည့် ပြည်နယ်ကြီးတစ်ခု ဖြစ်ရန်အတွက်လည်း ယနေ့အချိန်ကာလမှစတင်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝိရိယများနှင့်အတူ နိုင်ငံတော်၏ မူဝါဒလမ်းစဉ်အတွင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ လက်တွဲပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းကာ ရခိုင်ပြည်နယ်အကျိုးသယ်ပိုးကြပါစို့ဟု တိုက်တွန်းပြောကြားလိုကြောင်းနှင့် နှစ်သစ်ကူးအခါသမယအတွက် ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ကြပါစေ၊ မကောင်းသောပါပတရားများ ကင်းစင်ပါစေ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း နှစ်သစ်အကြို ဆုတောင်းစကားပြောကြားသည်။
ယင်းနောက် နံ့သာသွေးအဖွဲ့များက တစ်ဖွဲ့ချင်းစီမိတ်ဆက်ကြပြီး နံ့သာသွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးပွဲအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့က ရခိုင်ရိုးရာသင်္ကြန်သီချင်းဖြင့်လည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကအဖွဲ့က အခါကြီးနိန့်ရက်မြတ်ဒါန သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးပွဲအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် နံ့သာသွေးပွဲမှ ရရှိလာသော နံ့သာရေများဖြင့် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးသို့ ရခိုင်ရိုးရာစဉ်လာနှင့်အညီ ဘုရားရေသပ္ပါယ်ရန် စီတန်းလှည့်လည်ကာ သွားရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ဘုရားရေသပ္ပါယ်အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် နံ့သာသွေးပွဲမှရရှိလာသော နံ့သာရေများဖြင့် ရခိုင်ရိုးရာစဉ်လာမပျက် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှိ ဗုဒ္ဓဆင်းတုတော်များအား ဘုရားရေသပ္ပါယ် ပူဇော်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် သင်္ကြအကြို၊ အတာအကြိုအဖြစ် အတာရေများဖြင့် တစ်ဦးကိုတစ်ဦး ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)