မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပ

မြောက်ဥက္ကလာ ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် ဃရပ်ကွက်၊ သုဓမ္မာလမ်းရှိ၊ ဥက္ကလာရင်ခွင်‌ဗဟို မဏ္ဍပ်တွင်  စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးသူက နှစ်သစ်ကူး အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ ဥက္ကဋ္ဌ  ဦးမိုးသူနှင့် အဖွဲ့၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ရိုးရာယဉ်ကျေးမှုအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး တာဝန်ရှိသူများက အတာရေဖြင့် ယိမ်းအဖွဲ့များ၊ ပရိသတ်များအား ရေပက်ဖျန်း၍ တပျော်တပါး ပါဝင်ဆင်နွှဲသည်။ ယင်းနောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ  ဦးမိုးသူနှင့် တာ၀န်ရှိသူများက လမ်းလျှောက်သင်္ကြန်အတွင်း လှည့်ပတ်ကြည့်ရှုပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ မဟာသင်္ကြန်အား တပျော်တပါးအတူ‌ဆင်နွှဲသည်။ ဆက်လက်၍ ဥက္ကလာရင်ခွင်မဏ္ဍပ်တွင် ယိမ်းအဖွဲ့များက ကြပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)