ဒေါပုံမြို့နယ်တွင် ပိတောက်ရွှေဝါ ရေသဘင် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒေါပုံ ဧပြီ ၁၃

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် “ပိတောက်ရွှေဝါ ရေသဘင် လမ်းလျှောက်သင်္ကြန်” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ယမုံနာလမ်းမကြီးဘေးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သည်။

ဦးစွာ ဒေါပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်က “ပိတောက်ရွှေဝါ ရေသဘင် လမ်းလျှောက်သင်္ကြန်” ဖွင့်ပွဲအခမ်းအနားကို စတင်ကြောင်းကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးစိုးမိုးအောင်၊ အဖွဲ့ဝင် ဦးဝေဇင်နှင့်အတွင်းရေးမှူး ရဲမှူးသိန်းဇော်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။ ဆက်လက်၍ “ဒေါပုံတန်ခူးမေ” ယိမ်းအဖွဲ့မှ လှပျိုဖြူများက “မြူမှောင်ဝေကင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောင်သပြေခက်နှင့် အတာရေများကို ရိုးရာမပြတ် ဧည့်သည်တော်များထံ လိုက်လံဖျန်းပက်ခဲ့ကြပါသည်။ ထို့နောက် ဒေါပုံတန်ခူးမေသင်္ကြန်ယိမ်းအဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ဆုတော်‌ငွေများကို အသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဒေါပုံမြို့နယ်အတွင်းရှိ ပြည်သူများက လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာဖြင့် လာရောက်ဆင်နွှဲခဲ့ကြရာ တာဝန်ရှိသူများက သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ နေ့စဉ်နံနက်ခင်းနှင့် ညနေအချိန်များတွင် ရေကစားသူများအား စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)