နောင်ချို ဧပြီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နောင်ချိုမြို့ စွယ်တော်ရိပ်ကားဝင်းအတွင်းရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသိန်းသန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်ဟောင်းမှကြုံတွေ့ခဲ့ရသည့် စိတ်ညစ်ညူးစရာများကို အေးမြသော အတာရေစင်ဖြင့် ဆေးကြောစွန့်ထုတ်နိုင်ကြပါစေကြောင်း၊ မြန်မာပြည်သူအပေါင်းနှင့် ကမ္ဘာသူ/သားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း၊ နှစ်သစ်တွင် ရည်မှန်းချက်သစ်များ၊ ခွန်အားသစ်များဖြင့် လောကအကျိုး၊ မိမိအကျိုးကို သယ်ပိုးနိုင်ကြပါစေကြောင်းနှင့် မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံသည့် နှစ်သစ်ကူးအခါသမယ ဖြစ်ပါစေကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့်အတွက် ဂုဏ်ယူစရာပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ နှစ်သစ်အချိန်အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း၊ စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သိန်းသန်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးအောင်သန်းဇော်တို့မှ အတာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့ (၁၅) ဖွဲ့မှ မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဝါသနာရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြမှုအပေါ် တက်ရောက်လာကြသော တာဝန်ရှိလူကြီးမင်းများနှင့် ဧည်သည်တော်များက ဆုငွေများချီးမြှင့်ခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများမှ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့အား ပါဝင်ဆင်းနွှဲခဲ့ကြသည်။ ထို့နောက် လမ်းလျှောက်သင်္ကြန်တွင် ဌာနဆိုင်ရာများနှင့်အလှူရှင်များမှ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးနေမှူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း မြန်မာ့ရိုးရာအတာသင်္ကြန် ဖြစ်မြောက်ရေး ဦးစီးကော်မတီထံမှသိရသည်။
မြို့နယ် (ပြန်/ဆက်)