မန္တလေး ဇန်နဝါရီ ၁၄
မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မေဃဂီရိရပ်ကွက်၊ ၁၇လမ်းနှင့်၁၈လမ်းကြား၊ ၈၆လမ်းရှိ အဆိုပါရုံးသစ်တည်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း ဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများကို ရေစက်ချလှူဒါန်းကြကာ သံဃာတော်အရှင် သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော် များနာယူ ကြည်ညိုကြသည်။
အဆိုပါ ကော်မရှင်ရုံးသစ်မှာ အလျား ၅၁ပေ၊ အနံ၁၈ ပေရှိပြီး RCနှစ်ထပ်၊ သွပ်မိုး အမျိုးအစားဖြစ်ကာ ကုန်ကျငွေစုစုပေါင်း ၅၀၁သိန်းကျပ်တန်ဖိုးရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)