ကျောက်ဆည်မြို့၌ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ စောင့်ထိန်းသူများနှင့် စည်ကား

ကျောက်ဆည် ဧပြီ ၁၃        

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် မဟာသင်္ကြန်ကာလအကြိုနေ့၌ စတုဒီသာကျွေးကုသိုလ်ယူသူများ၊ ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်းနှင့် ယနေ့နက် (၈) နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက်၊ သရက်ခြံဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဥပုသ်သီလစောင့်ထိန်းခြင်းများနှင့်ပတ်သက်၍ ဝါတွင်းကာလအခါကြီးရက်ကြီးများနှင့် နှစ်သစ်ကူးသင်္ကြန်ရက်များတွင် ဥပုသ်သီလယူကြောင်း၊ ကုသိုလ်ရှင်များက ဥပုသ်သည်များအတွက် အကြိုနေ့မှစ၍ နှစ်ဆန်း (၁) ရက်နေ့အထိ စတုဒီသာထမင်းများ၊ အအေးများ၊ အသုပ်မျိုးစုံ ကုသိုလ်ပြုသူများနှင့် စည်ကားလျက်ရှိပြီး ဥပုသ်စောင့်ထိန်းခြင်းဖြင့် မိမိစိတ်တွင် ကြည်လင်တည်ငြိမ်မှုများ ရရှိကြောင်း ဥပုသ်သီလစောင့်ထိန်းသူ ဒေါ်နုကြည်က ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအကြိုနေ့၌ မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေဆပ်သွားဘုရားများတွင်းလည်း ကုသိုလ်ယူသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)