မချမ်းဘောမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မချမ်းဘော ဧပြီ ၁၃

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်၁၁နာရီက အမှတ်(၃)ရပ်ကွက် တောင်တန်းသာသနာပြုကျောင်းရှေ့လမ်းဆုံ၌ ကျင်းပသည်။ 

ဦးစွာအခမ်းနားမှူးက မဟာသင်္ကြန်စာတမ်းကိုဖတ်ကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွားရဲ့ဆဲ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူး အောင်ချိုမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ယင်းနောက် မဟာသင်္ကြန်ပွဲတော်ဆိုင်းဘုတ်မုခ်ဦးကို အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းကာ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးဌာနနှင့်ကျန်းမာရေးဌာနတို့မှ မန်းတောင်ရိပ်ခိုသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ အမှတ်(၁၃၇)ခြေလျင်တပ်ရင်းမှ ယိမ်းအဖွဲ့အကအလှများဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြ ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျွေးမွေးဧည့်ခံသော ကြာဆံချက် စတုဒိသာများကိုလည်း တပျော်တပါးစားသောက်ကာ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

မချမ်းဘောမြို့တွင် သင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင်လည်း နေ့စဉ်လမ်းလျှောက်င်္ကြန်ရေသဘင်ဆင်နွှဲခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့် ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်ပူဇော်ခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)