ကျိုင်းလပ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြိုတင်အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ကျိုင်းလပ် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃ အုပ်စုအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေး ကြိုတင်အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က အမှတ် (၁)ရပ်ကွက် ဝမ်လုံဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် က အဖွင့်အမှာစကား ပြောကြာပြီး အစိုးရသက်တမ်း ၅ နှစ်တာအတွက် ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ထမ်းဆောင်ရန် အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် အုပ်ချုပ်ရေး ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် ပြင်ဆင်သည့် နည်းဥပဒေများအား အကျယ်တစ်ဝန့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေး ကြိုတင်အသိပညာပေး ဟောပြောခြင်းများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကွင်းဆင်း ဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် ထံမှ သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)