ဒလ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ဒလမြို့နယ်တွင် မြန်မာ သက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (မဟာသင်္ကြန်အကြိုနေ့) ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့ ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ဦးစွာ ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများမှ မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များမှ ငွေဖလားဖြင့် အတာရေပက်ဖျန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား ၆၀၀ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဧည့်သည်တော်များအား ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတများနှင့် ဖျော်ဖြေခြင်း၊ စတုဒိသာများကျွေးမွေးခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)