ပုဇွန်တောင် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (မဟာသင်္ကြန်အကြိုနေ့) လမ်းလျှောက်သင်္ကြန် မဏ္ဍပ်နှင့်စတုဒိတာမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ပုဇွန်တောင်ပန်းခြံရှေ့တွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁) ဦးစည်သူကြည်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂) ဦးစိုးမြင့် တို့မှ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပုဇွန်တောင်မြို့နယ်လမ်းလျှောက် သင်္ကြန် မဏ္ဍပ်နှင့်စတုဒိတာမဏ္ဍပ်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမီးပျိုလေးများ၏ ပန်းကဗျာယိမ်းအဖွဲ့မှ မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသော ဧည့်သည်တော် များမှ ငွေဖလား သပြေခက်ဖြင့် အတာရေပက်ဖျန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပန်းကဗျာယိမ်းအဖွဲ့၊ မြို့နယ်ပညာရေး ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့်ဧည့်သည်တော်များအား ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတများနှင့်ဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်စတုဒိသာများ ကျွေးမွေးခဲ့ကြပြီး ညနေပိုင်းတွင်လည်း ရွှေရင်အေး စတုဒိသာ ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်