မောက်မယ် ဧပြီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အမှတ် (၁၃၂) ခြေလျင်တပ်ရင်းမှ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပသည့် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ရှေ့တွင် ဒေသခံလူငယ်လူရွယ်များနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် လူငယ်လူရွယ်များ ရေကစား၍ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း တွေ့ရသည်။
အတာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စိမ့်စမ်းရေထွက်များနှင့် ရေချောင်းများ ပေါများသည့် မောက်မယ်မြို့နယ်တွင် လည်ပတ်စရာနေရာများပေါများသဖြင့် လူငယ်လူရွယ်များတို့က စိမ့်စမ်းရေထွက်နေရာများ၊ ရေတံခွန်များ၊ ဆည်များနှင့် နမ့်ယွမ်းချောင်းဘေးစသည့် အရိပ်ကောင်းသောနေရာများတွင် လာရောက်ရေကစားပြီး အပန်းဖြေကြသည်။
ဌာနဆိုင်ရာများက နေ့အလိုက် စုပေါင်း၍ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ မြို့နယ်နမ့်ယွမ်းခန်းမရှေ့ ရေကစားမဏ္ဍပ်တွင် နေ့စဉ်ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေကစားအပန်းဖြေကြသော အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်များနှင့်ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က လှည့်ကင်းများဖြင့် အနီးကပ်လုံခြုံရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)